Christian Education

မိသားစု အတူတကွ အလုပ်လုပ်ခြင်း

“ငါတို့သည် အမှုတော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍…”

၂ကောရိန္သု၊ ၆း၁

ပျော်ရွှင်သော အိမ်ထောင်သည် အိမ်အလုပ်များကို အတူတကွမျှ၍ လုပ်တတ်၏။ ညီအစ်ကို မောင်နှမ မိဘဆွေမျိုးများ အတူတကွ အလုပ်လုပ် ကြစဉ် တလုံးတဝတည်း ဖြစ်လာကြ၏။ ကောင်းစွာလုပ်သော အလုပ်အတွက် တစ်ဦးကိုတစ်ဦး ကျေးဇူးတင်ဘို့ နားလည်လာ၏။

မိသားစု အတူတကွ ကစားခြင်း

“…ရယ်ရသော အချိန်လည်းရှိ၏…”

‌ဒေသနာကျမ်း၊ ၃း၄။

မိသားစု အတူတကွ ကစားကြစဉ်၊ တစ်ဦးနှင့်တစ်ဦး ပိုမို ရင်းနှီးလာ စေသည်။ အပန်းဖြေ အားဖြည့်ခြင်းသည် ကျန်းမာစေသည်သာမက ပေါင်း ဘက်လုပ်ကိုင်ခြင်း၊ တရားမျှတခြင်း၊ ထောက်ထားညှာတာ ခြင်းကိုလည်း သင်ပေး၏။ 

မိသားစု အတူတကွ စိတ်ကူးစီမံခြင်း

“တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏”

သုတ္တံ၊ ၁၅း၂၂။

အတူတကွ စိတ်ကူးစီမံသော မိသားစုသည် လူထုက ကိုယ်စားလှယ် ခန့်၍ အုပ်စိုးသော နည်း၏ အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေ၏။ တစ်ဦးတည်း စိတ်ကူးစီမံခြင်းသည် ပို၍လွယ်သော်လည်း၊ စီမံရာ၌ သားသမီးများကို ပါဝင် စေခြင်းဖြင့် သူတို့ကိုယ်တိုင်အတွက် စိတ်ကူးစီမံတတ်ရန် သင်ပေးနိုင်၏။ 

မိသားစု အတူတကွ နားထောင်ခြင်း

“ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေ”

မဿဲ၊ ၁၁း၁၅။

အတူတကွ နားထောင်သော မိသားစု၌ တူညီသော စိတ်ဝင်စားစရာများ ရှိ၏။ ကျောင်းနှင့်ဆိုင်သော အစီအစဉ်များ၊ ပွဲတော်အခါကြီးများ၊ လူစုအစည်း အဝေးများတို့၌ အတူတကွ အတွေ့အကြုံများ ရရှိခဲ့ကြသဖြင့် စကားဆုံ ပြောရန် စိတ်ဝင်စားဘွယ် အချက်များကို တွေ့ကြလိမ့်မည်။ 

မိသားစု အတူတကွ စားသောက်ခြင်း

“အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ”

မဿဲ၊ ၆း၁၁။

အိမ်ထောင်တွင် ပါဝင်သူတိုင်း စကားပြောရာ၌ ချိုသာ၍၊ အစာစားရာ၌ အလျင်စလိုမဟုတ်သည့် အစာစားချိန်တွင် အတူတကွရှိကြသဖြင့် ပျော်မွေ့ ကြ၏။ အစာမစားမီအခါတိုင်း အစာအတွက်၎င်း၊ အိမ်ထောင်စုအတွက်၎င်း၊ အချင်းချင်းအတွင်၎င်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ 

မိသားစု အတူတကွ စာဖတ်ခြင်း

“နှုတ်ကပတ်တော်သည် အကျွန်ုပ်တို့ ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏”

ဆာလံ၊ ၁၁၉း၁၀၅။

မိဘနှင့် သားသမီးများတို့သည် သမ္မာကျမ်းနှင့် အခြားကောင်းမွန်သော စာအုပ်များကို အတူတကွ ဖတ်ကြစဉ်၊ ကြီးမြင့်သော စဉ်းစားချက်များကို အတူတကွ ဝေမျှရရှိကြ၏။ သမ္မာကျမ်းစာတော်က မိသားစုအား ပို၍ကောင်း သော အသက်ရှင်ခြင်းရှိနိုင်ရန် နှိုးဆော်၏။ 

မိသားစု အတူတကွ ဘုရားဝတ်ပြုခြင်း

ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်။

ယောရှု၊ ၂၄း၁၅။

ခရစ်ယာန်မိသားစုသည် နေ့စဉ်အတူတကွ ဘုရားဝတ်ပြုရန် အချိန်ရှာ တွေ့၏။ မိဘများက မိသားစုဝတ်ပြုခြင်းကို စီစဉ်၍ ပြီးမြောက်အောင် ဆောင် ရွက်ရန် သားသမီးတို့ကို ကူညီရာတွင် သူတို့သည် ဘုရားသခင်ကို သိကျွမ်း လာ၏။ 

ဘုရားရှိခိုးကျောင်းသို့ အတူတကွ သွားသော မိသားစု

ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတစ်ပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။

ဆာလံ၊ ၁၂၂း၁။

ခရစ်ယာန် မိသားစုသည် မိခင် ဖခင် သားသမီး အတူတကွ ဘုရားရှိခိုး ကျောင်းတက်နိုင်ရန် အိမ်ရှိ အလုပ်များကို စီစဉ်၏။ လူအများ ဝတ်ပြုရာ ကြား ၌ မိသားစု အတူတကွ ထိုင်ကြစဉ်၊ သူတို့ စိတ်နှလုံးများသည် ဘုရားသခင် ထံသို့ တက်ရောက်သွားကြ၏။ 

အိမ်ထောင်နှင့် မိသားစု အသက်တာအတွက် အကြံပေး ကျမ်းစာချက်များ

၁။ ပျော်ရွှင်သော အိမ်ထောင်သည် ဘုရားသခင်၌ တည်ဆောက်၏။ 

(ဆာလံ၊ ၁၂၇း၁။ ၁၂၈း၁-၆)

၂။ ပျော်ရွှင်သောအိမ်ထောင်သည် ခရစ်ယာန်မေတ္တာ အုတ်မြစ်ပေါ်၌ တည် ဆောက်ရမည်။  (‌ကောလောသဲ၊ ၃း၁၂-၂၅)

၃။ ထိုအိမ်ထောင်သည် ခရစ်ယာန် ထိမ်းမြားမင်္ဂလာပြုခြင်းအပေါ်၌ အခြေ တည်ရမည်။ (ဧဖက်၊ ၅း၁-၃၃။) 

၄။ ထိုအိမ်ထောင်၏ ပန်းတိုင်သည် ခရစ်ယာန် စေတနာ့ဝန်ထမ်းခြင်း ဖြစ်သင့်သည်။ (ဧဖက်၊ ၆း၁-၉)

၅။ ပျော်ရွှင်သော အိမ်ထောင်၏ အစ။ (ရုသ၊ ၁း၁-၄။ ၂၂)

၆။ ကောင်သောဇနီးသည်ကို ချီမွမ်းသောလင်္ကာတပုဒ်။(သုတ္တံ၊ ၃၁း၁၀-၃၁)

၇။ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ဘုရားကြည်ညိုခြင်းအကြောင်း အတ္ထုပ္ပတ္တိ တခု။ (ဓမ္မရာဇဝင် ပဌမစောင်၊ ၁း၁-၂၈)

၈။ ‌ရှာဖွေသဖြင့် ဘုရားသခင်ကိုတွေ့သော အိမ်ထောင်တခု။ 

(တမန်တော်၊ ၁၀း၁-၄၈) 

(ဆရာဆူး စုစည်းပြင်ဆင်သည်)

Comments are closed